Zawgyi

အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ အကယ်ဒမီ မေသန်းနုတို့က သားဖြစ်သူ အရွယ်ရောက်ချိန်မှာတော့ မိသားစုအတူတူ ပျော်ရွှင်မှုလေးတွေကို တည်ဆောက်ထားကြပါတယ်။ မင်းသန့်မောင်မောင်က အမေရိကန်နိုင်ငံ ရုပ်ရှင်တက္ကသိုလ်ကနေ ဒါရိုက်တာပညာရပ်နဲ့ ဘွဲ့ရခဲ့ပြီး အခမ်းအနားကို မိဘနှစ်ပါးလုံး တက်ရောက်ခဲ့တာပါ။ ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွဲကွာနေတာကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့ သားဖြစ်သူအတွက် မိဘနှစ်ပါး ပြန်လည်ပေါင်းစည်းပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ မဆင့်ကတော့ အင်တာဗျူးတွေမှာ ဖြေကြားထားပါတယ်။

“ထာဝရအမေ” ရုပ်ရှင်ကားကြီးမှာတော့ မိသားစုသုံးယောက် တူတူဖန်တီးထားတဲ့ လက်ရာကို ပရိသတ်တွေ ရှုစားခဲ့ရတာ ဖြစ်ပြီး မေသန်းနုရဲ့ အိုက်တင်တွေက ပီပြင်လှတဲ့အတွက် အဖေနဲ့သားက ဂုဏ်ယူလို့မဆုံး ဖြစ်ခဲ့ရပါတယ်။ မဆင့်က သူအကြိုက်ဆုံး ဇာတ်ကောင်ဖြစ်ကြောင်းကိုတော့ စင်ရော်မောင်မောင်က MC နဲ့ အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။

“သူကလေ တကယ့်ကို genius ပညာရှင်ကြီးပါ။ ကြည့်လိုက်ရင် အေးအေးလေးနဲ့ ကင်မရာရှေ့ကျရင် အိုက်တင်တွေက ကြောက်ခမန်းလိလိပါ။ ‘ထာဝရအမေ’ မှာ သူ့ရဲ့ အိုက်တင်ကတော့ ကျွန်တော်ရိုက်ဖူးတဲ့ ရုပ်ရှင်တွေထဲမှာ အကြိုက်ဆုံး အိုက်တင်ပါပဲ။ အကြိုက်ဆုံးဇာတ်ကောင်ဆိုတာကိုတော့ ကျွန်တော်ရဲရဲဝံ့ဝံ့ ပြောလို့ရပါတယ်။” လို့ ဆိုပါတယ်။

မိသားစု ၃ ယောက်တူတူပေါင်းပြီး ကားရိုက် ဆောင်ရွက်သွားမယ့် အကြောင်းကိုတော့ “ ထာဝရအမေမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ နောက်လည်း ရှိပါတယ်။ ကျွန်တော်တောင် မဆင့်မပါရင် ကားမရိုက်တတ်သလို ဖြစ်နေတယ်။ အကျိုးပေးနေတာပေါ့။ သူနဲ့က အတွဲလည်း ညီတယ်လေ။ သားတော်မောင်နဲ့ဆိုတော့ ရိုက်ကွင်းမှာ ပျော်တာပေါ့။” လို့ ဆိုပါတယ်။

“ထာဝရအမေ”ဇာတ်ကားကို နိုင်ငံရပ်ခြားမှာ ချီးကျုးခံရတဲ့အတွက် ပီတိဖြစ်သလို ရှေ့ဆက်ပြီး “ထာဝရအဖေ” ရိုက်ဖို့ ရှိကြောင်းလည်း ခုလို ပြောသွားပါတယ်။

“ ထာဝရအမေကို တစ်ချို့ဆုတွေ ကျွန်တော် မှန်းခဲ့တယ်ပေါ့နော်။ ဇာတ်ကားဆု ၊ မင်းသမီးဆု ၊ ကင်မရာဆု တို့ ဂီတတို့ပေါ့။ သိပ်အများကြီး မရခဲ့လို့လည်း ဘာမှမဖြစ်ပါဘူး။ အင်တာနက်ရှင်နယ်မှာ ချီးမွမ်းခံရတဲ့ အခါကျတော့ အရမ်းကျေနပ်တယ်။ အမောပြေသွားတယ်။
မကြာခင်မှာ ထာဝရအဖေကို ရိုက်တော့မယ်။ တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်မှာ ကိုရီးယားနဲ့ပေါင်းပြီး ရိုက်သွားမှာပါ” လို့ စင်ရော်မောင်မောင်က ဖြေကြားသွားပါတယ်။